ရန်ကုန်၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်း အပေါ်ပိုင်းမှာ ဇွန်လ ၁၄ ရက်ညက အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နဲ့ ရဲတွေက ဧည့်စာရင်းတွေ လိုက်စစ်ပြီး အနည်းဆုံး ပြည်သူ အယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်ပြီး သီတာလမ်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တချို့က ဧည့်စာရင်းမရှိတဲ့ ဆိုင်ဝန်ထမ်းတွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘သပိတ်စုံသူပုန်ထ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတခုကို ဇွန်လ ၁၄ ရက် မနက်ပိုင်းက ကျောက်မြောင်း သီတာလမ်းထိပ်နဲ့ ဗညားဒလမ်းမပေါ်မှာ ပြုလုပ်ခဲ့ပြီးနောက် ညပိုင်းမှာ ခုလို ဧည့်စာရင်းစစ်ပြီး ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးတာ ဖြစ်ပါတယ်။