မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ရဲ့ အကြီးအကဲဟောင်း ဒေါက်တာထားထားလင်းကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုအပါအဝင်စွဲချက်တွေနဲ့ အရေးယူဖို့ စီစဉ်နေပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို ဇွန်လ ၁၀ ရက်နေ့က ဒဂုံမြို့နယ်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး သူဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်လုပ်နေတယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ စွပ်စွဲဖော်ပြထားပါတယ်။
သူ့ရဲ့ထွက်ဆိုချက်အရ ဒေါက်တာထားထားလင်းဟာ CDM ဝင်ရောက်ပြီး CDM ဆရာဝန်တွေ၊ သူနာပြုတွေနဲ့အတူ ဖွဲ့စည်းထားတဲ့ အမာခံအုပ်စုကို တည်ထောင်ရုံသာမက NUG နဲ့လည်း ပေါင်းစပ်လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒေါက်တာထားထားလင်းအပါအဝင် ဆရာဝန်စုစုပေါင်း ၂၅ ယောက်တို့ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၄ တို့အရ စွဲဆိုချက်တွေကို ရင်ဆိုင်ရမယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒေါက်တာထားထားလင်းနဲ့ တခြားဆရာဝန်တွေကို ဖမ်းဆီးထားတဲ့အပေါ် အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာသမားတော်တွေက ပြစ်တင်ရှုတ်ချထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအစီအမံတွေလည်း ပြိုလဲခဲ့တာပါ။
ဆရာဝန်တွေနဲ့ တခြားဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်း အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ဒါဇင်နဲ့ချီ အဖမ်းခံထားရပြီး ရာနဲ့ချီပြီး ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။