မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံးမှာ ရာထူးတိုး၊ ရာထူးပြောင်းရွှေ့ နေရာ ခေါ်ယူနေတဲ့အတွက် လျှောက်ထားသူများပြားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ဒီဇင်ဘာလမှ အလုပ်ခေါ်လေ့ရှိတာဖြစ်ပြီး အခုနှစ်မှာတော့ CDM မှာပါလို့ အလုပ်ထုတ်ခံရတဲ့သူတွေနေရာမှာ အစားထိုးခန့်ဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။
အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတစ်ဦးက “လျှောက်တဲ့သူတွေကလည်း အငမ်းမရ လျှောက်ကြတာ တော်တော်များတယ်။ စစ်အာဏာရှင်ရဲ့စနစ်အောက်မှာ အလုပ်မလုပ်ချင်လို့ CDM မှာပါပြီး အလုပ်ထုတ်ခံရတဲ့သူတွေကိုမှ အားမနာဗျာ။ ရှက်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။
CDM မှာပါဝင်တဲ့ ဆရာမတစ်ဦးကလည်း “'ငကန်းသေ ငစွေပေါ်လိမ့်မယ်လို့ ပညာရေးမှူးက ပြောလို့များ ငမ်းငမ်းတက်လျှောက်နေကြတာလား မသိဘူး။ အဲဒီလိုလူမျိုးတွေရှိလို့လည်း စစ်ကျွန်သက်ရှည်နေတာ” လို့ ပြောပါတယ်။
မြို့နယ်ပညာရေးမှူးရုံးရဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ တောင်တွင်းကြီးမြို့မှာ စာသင်ကျောင်းပေါင်း ၂၅၂ ကျောင်းနဲ့ ပညာရေးဝန်ထမ်းပေါင်း ၂၄၀၀ ကျော်ရှိပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် အလုပ်ထုတ်ခံရသူ ၃၉၅ ဦးရှိတယ်လို့ သိရပါတယ်။