ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော်ကျေးရွာအုပ်စု မောက်စံရွာနေ အန်အယ်လ်ဒီပါတီဝင် ဦးထွက်မောင်ဟာ ဇွန် ၁၂ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
“အိမ်အနီးရှိ စပါးကျီနားမှာ သေနတ် လေးချက် ကြားတယ်။ တံခါးဖွင့်ကြည့်တော့ ပစ်တဲ့သူ ဘယ်သူဘယ်ဝါ မမြင်ရဘူး။ အိမ်ပေါ်မှာ လူ လေးယောက်လောက် ရှိတယ်။ ပစ်ခတ်သွားသူကိုတော့ မသိရသေးပါဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဦးထွက်မောင်ဟာ သူ့မြေယာတွေ အသိမ်းခံရလို့ မြေပြန်လည်ရရှိရေး ကြိုးစား လုပ်ဆောင်တဲ့သူ ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
မောက်စံရွာဟာ တောင်ကြီးနဲ့ ဟိုပုံးမြို့နယ် နယ်စပ်ဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အထူးဒေသ ၆ နယ်မြေလည်း ဖြစ်ပါတယ်။