ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြည်သူ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ပိုမိုတင်းကျပ်လာပြီး မြို့ပေါ်နေထိုင်တဲ့သူ အကုန်လုံး တကိုယ်လုံးပုံ ဓာတ်ပုံရိုက်ကာ ဧည့်စာရင်းတိုင်နေရတယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။
ဧည့်စာရင်းတိုင်တဲ့အချိန်မှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူတွေနဲ့အတူ တကိုယ်လုံးရိုက်ထားတဲ့ အလှဓာတ်ပုံကို ပူးတွဲတင်ပြရပါတယ်။
လုံးချင်းအိမ်ငှားတွေကတော့ အိမ်ရှင်၊ အိမ်ငှား စာချုပ်တွေနဲ့ မိသားစုဓာတ်ပုံကိုပါ ပူးတွဲတင်ပြရပါတယ်။
ဘုရားဖြူရပ်ကွက်မှ မြို့ခံအမျိုးသမီးတဦးက “ဓာတ်ပုံကို တကိုယ်လုံးပေါ်အောင် ရိုက်ရတယ်။ ပြီးတော့ အလုပ်အကိုင်တွေကအစ ဘယ်မှာပညာသင်တာ အကုန်လုံးကိုမေးတာ။ အခု ဒီဟာကို ရပ်ကွက်ရုံးမှာ လုပ်ရတယ်၊ ပြီးမှ ကတ်ထုတ်ပေးတယ်။ သူတို့ အိမ်တိုင်ရာရောက် လာစစ်လို့ ကတ်မရှိရင် အဲဒီမှာ ပြဿနာတက်မှာလို့ ရပ်ကွက်နေပြည်သူတွေကို သတိပေးထားတယ်” လို့ ပြောပါတယ်။
အရင်က စစ်ဘေးရှောင်သီးသန့်သာ ဧည့်စာရင်း တိုင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ ဘော်ဒါဆောင်မှာ နေထိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အဆောင်နေထိုင်သူမှန်သမျှ ဧည့်စာရင်း တိုင်ကြားရပါတယ်။
တောင်ကြီးမြို့မှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ည ၈ နာရီနောက်ပိုင်း စစ်ကားအကြီးတွေနဲ့ မြို့ထဲ ရပ်ကွက်တွေထဲမှာ လိုက်လံစစ်ဆေးနေပြီး လမ်းပေါ်တွေ့ရှိတဲ့ လူငယ်တွေကို စခန်းခေါ် စစ်ဆေးမေးမြန်းနေပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က တောင်ကြီးမြို့ပေါ် ဘားတခုမှာ လူငယ် ၈ ဦးကို အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးခေါ်ဆောင် ချုပ်နှောင်ခဲ့ပြီး နောက်ရက်မှာပဲ တဦးကို သိန်း ၂၀ နဲ့ ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။
တောင်ကြီးမြို့ပေါ်က ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ဆေးမှုကို စစ်တပ်နဲ့ အစိုးရ ပူးပေါင်းပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်ထားပါတယ်။