ရခိုင်ပြည်နယ်မှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီး တရားစွဲဆိုခံရသူ ၄ ဦးရဲ့ အမှုကို စစ်တပ်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြန်လွတ်လာတဲ့သူတွေက ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်သိန်းထွန်းနဲ့ ကိုအောင်မိုးထွန်းတို့ဖြစ်ကြပြီး သူတို့အမှု တစ်နှစ်ခွဲလောက်ကြာမှာ ပြန်လွတ်လာတာလို့ အခမဲ့လိုက်ပါအကျိုးဆောင်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေတစ်ယောက်က ပြောပါတယ်။
“မနေ့က အမ်းမြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့ ၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ရဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးလိုက်တာပေါ့။ သူတို့ ၄ ယောက်ထဲက ၃ ယောက်ကတော့ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်တယ်။ ကျန် ၁ ယောက်ကတော့ စွဲချက်တင်ပြီးမှ တရားသေပြန်လွှတ်ပေးလိုက်တယ်”။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလမှာ အေအေနဲ့ ဆက်နွှယ်သံသယနဲ့ စစ်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သူပေါင်း ၂၀၀ ကျော်ထိရှိကာ တချို့ကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။