မွန်ပြည်နယ်၊ မုဒုံမြို့မှာ ဇွန် ၁၁ ရက် ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ကို စစ်ကောင်စီလက်နက်ကိုင်တပ်က ဖမ်းဆီးသွားပြီး လေးယောက်ရဲ့ နေအိမ်ကို အကြမ်းဖက် ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
မုဒုံမြို့၊ မော်သံလမ်းမှာ နေထိုင်တဲ့ ကိုခိုင်မင်းထွန်း(ခ)ဖိုးခိုင်ကို စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့ည ၁၁ နာရီကျော်မှာ အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တက်ကြွလှုပ်ရှားတဲ့ လူငယ် ၄ ဦးရဲ့ နေအိမ်တွေနဲ့ ဆွေမျိုးတွေရဲ့အိမ်တွေကိုလည်း စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့ညပိုင်းမှာ ဝင်ရောက်ရှာဖွေ ခြိမ်းခြောက်ခဲ့ပါတယ်။
ကိုခိုင်မင်းထွန်းရဲ့ မိသားစုတွေကတွေ့ခွင့်ရဖို့ ကြိုးစားနေပေမယ့် ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ တွေ့ခွင့်မရသေးပါဘူး။
စစ်ကောင်စီက ဒလန်တွေရဲ့ သတင်းပေးချက်အရ လိုက်လံရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး မုဒုံမြို့မှာ ဥပဒေမဲ့ဖမ်းဆီးခံရသူ ၁၇ ယောက် ထက်မနည်း ရှိနေတယ်လို့ စာရင်းပြုစုထားသူတစ်ယောက်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများလေ့လာစောင့်ကြည့်ရေးအဖွဲ့ (မွန်ပြည်နယ်)ရဲ့ ဇွန်လ ၁၀ ရက်နေ့အထိ မှတ်တမ်းတွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ ၃၆၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။