ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၇ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ ပန်းချီဆရာ ဦးသက်နောင်ဟာ ထောင်တွင်းမှာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သိရပါတယ်။
ပန်းချီဆရာ ဦးသက်နောင်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြီး ပုသိမ်ထောင်ထဲမှာ ဖမ်းဆီးထားတာ ၃ လကျော်ရှိလာပေမဲ့ ဆေးကုသခွင့်မပေးတာကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားလာတာလို့ သူနဲ့ နီးစပ်သူတွေကပြောပါတယ်။
အရင်ကတည်းက ရောဂါအခံ အူလမ်းကြောင်းဆိုင်ရာရောဂါကို တော်တော်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ သူ့ရောဂါက အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တယ်။ အဲတော့ ဒီရောဂါကြီးနဲ့ ထောင်ထဲမှာတစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေရတယ်"လို့ ဦးသက်နောင်ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
ပန်းချီဆရာ ဦးသက်နောင်မှာ အူလမ်းကြောင်းဆိုင်ရာရောဂါ ပြင်းထန်စွာ ခံစားနေရတာကြောင့် ထောင်တွင်းတရားရုံးမှာ အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပန်းချီဆရာနဲ့ ကဗျာဆရာတွေအပါဝင် ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိပါတယ်။