မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်ပရိဝုဏ်တွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဆက်လက်တပ်စွဲထားတာကြောင့် ပြီးခဲ့တဲ့ မေလအတွင်း စာသင် ကျောင်းပေါင်း ၁၀၃ ကျောင်းနဲ့ တခြားသော ပညာရေးဆိုင်ရာအဆောက်အအုံတွေ တိုက် ခိုက်ခံခဲ့ရတယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းအတွင်းနဲ့ ကျောင်းဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအများစုမှာ လက်လုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုခဲ့ကြပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အန္တရာယ်ကြီးစွာဖြစ်စေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စာသင်ခန်းအတွင်း ရောက်ရှိနေတဲ့ စစ်သားတွေက သူတို့ရဲ့ သေနတ်တွေ ကို ကလေးတွေကို ကိုင်တွယ်ခွင့်ပြုနေတဲ့ ဓာတ်ပုံတွေ အခုသီတင်းပတ်အတွင်း ဆိုရှယ်မီ ဒီယာတွေပေါ်မှာ အံ့သြတုန်လှုပ်ဖွယ် ထွက်ပေါ်လာခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက အစပြုပြီး လက်နက်ကိုင်အင်အားစုတွေဟာ နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၆၀ ထက်မနည်းနဲ့ တက္ကသိုလ်ပရိဝုဏ်တွေအတွင်းမှာ ဝင်ရောက်တပ်စွဲထားခဲ့တယ်လို့ ဆိုပါတယ်။
သင်ကြားရေးနေရာတွေ တိုက်ခိုက်ခံရခြင်းဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်ကြောင့် တနှစ်ပညာသင်ယူမှု ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့ မြန်မာကလေးငယ် ၁၂ သန်းရဲ့ ပညာသင်ကြားရေးကို ပိုပြီးတော့ အဟန့်အတား ဖြစ်စေပြီး နိုင်ငံအတွင်းက ကလေးပေါင်း ၂ သန်းကျော်ဟာ ကပ်ရောဂါ မဖြစ်ပွားမီကတည်းက ကျောင်းဆက်လက် တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အခုနှစ် ဇွန်လ ၁ ရက်နေ့က စတင်ပြီးတော့ စာသင်ကျောင်းတွေကို တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကလေးဦးရေ ၄ ယောက်မှာ ၁ ယောက်နှုန်းသာ ကျောင်းပြန် လည်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သင်ကြားရေးနေရာတွေ တိုက်ခိုက်ခံရတာဟာ မြန်မာနိုင်ငံက ကလေးတွေကို အသက်အန္တရာယ်ကျရောက်စေနိုင်ရုံသာမက ထိခိုက်နေပြီး ဖြစ်တဲ့ သင်ယူလေ့လာခြင်းဆိုင်ရာ အခြေအနေတွေကို ပိုပြီးတော့ ဆိုးရွားစေနိုင်တာကို စိုးရိမ်နေတယ်လို့ Save the Children က ဆိုပါတယ်။
ပညာသင်ကြားရေးနေရာတွေအားလုံးဟာ ကလေးတွေအတွက် ဘေးကင်းစေပြီး ကိုဗစ်-၁၉ အန္တရာယ်မှ ကာကွယ်နိုင်ဖို့ သင့်လျော်တဲ့ အစီအမံတွေ ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်ကာ မြန်မာနိုင်ငံက ကလေးတွေအားလုံးရဲ့ အကျိုးဖြစ်ထွန်းရေးကို လိုလားသူ တွေအနေနဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပညာသင်ကြားနိုင်ရေးကို ဦးစားပေးပြီး အရှိန်အဟုန် မြှင့် ဆောင်ရွက်ကြဖို့လည်း Save the Children က တောင်းဆိုထားပါတယ်။