အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အမှုမှာ တရားလိုသက်သေတွေကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချမှတ်လိုက်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲခံထားရတဲ့ ဦးဝင်းထိန်အမှုကို ဇွန်လ ၁၁ ရက် ဒီနေ့မှာ ရုံးချိန်းခေါ်ခဲ့ပြီး တရားလိုတင်သွင်းတဲ့သက်သေတွေကိုလက်ခံကြောင်း နေပြည်တော် အချုပ်ထောင်သီးသန့်တရားရုံးက ကြားဖြတ်အမိန့်ချလိုက်တယ်လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်ရဲ့ ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။
ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက “အရင်ရုံးချိန်းတုန်းက ကျမတို့ကို လျှောက်လဲချက်ပေးခိုင်းတယ်။ တရားလိုက သက်သေခံတွေအဖြစ် တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ကျမတို့က ကန့်ကွက်တဲ့အတွက် လျှောက်လဲချက်ပေးရတာပေါ့။ သက်သေခံအဖြစ် လက်မခံသင့်ကြောင်း လျှောက်လဲချက်နဲ့ ဥပဒေအရာရှိတွေဘက်ကတော့ ဘာကြောင့်သက်သေခံအဖြစ် လက်ခံသင့်လဲဆိုတဲ့ လျှောက်လဲချက်ကိုတင်သွင်းရတာပါ။ အဲ့ဒီအပေါ်မှာ ဒီနေ့အမိန့်ချပါတယ်။ အမိန့်ချပြီးတော့ တရားလိုကိုဆက်ပြီးစစ်ပါတယ်။ ချတဲ့အမိန့်ကတော့ သူတို့တင်သွင်းတဲ့စာရွက်စာတမ်းတွေကို သက်သေခံအဖြစ်လက်ခံတယ်ဆိုတဲ့အမိန့်ချတာပါ။ အမှုကတော့ တရားရုံးထုံးစံအတိုင်းသွားတာပါ။ အမှုကတော့ ဆက်သွားမှာပါ။ ဒီနေ့ချတာကတော့ ကြားဖြတ် အမိန့်ပေါ့။”လို့ ပြောပါတယ်။
ဦးဝင်းထိန်ကို မေလ ၁၄ ရက်နေ့မှာ ပထမဆုံးအကြိမ်လူကိုယ်တိုင်ရုံးချိန်းခေါ်ခဲ့တာဖြစ်ပြီး ဦးဝင်းထိန်က မှတ်ချက်တစုံတရာမပေးခဲ့ဘဲ ဥပဒေအတိုင်းဆောင်ရွက်ကြဖို့ ရှေ့နေတွေကို ပြောဆိုခဲ့ပါတယ်။
ဦးဝင်းထိန်ကို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ဆိုးဆိုးရွားရွား ကျန်းမာရေးထိခိုက်တာမရှိပေမယ့် အသက်အရွယ်အရ ထောင်ထဲမှာနေရတာ အခက်အခဲရှိတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
“နောက်ရုံးချိန်းမှာက တရားလိုဆက်စစ်ပါမယ်။ ဒီနေ့တရားရုံးမှာ ဘဘကထိုင်နေရတာကြာတော့ ခြေထောက်က သွေးကျပြီး ယောင်လာတော့ ရုံးချိန်းကို နောက်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တာပါ။ ဘဘကျန်းမာရေးကတော့ ကောင်းတယ်တဲ့။ ရှစ်ပါးသီလယူပြီး ဥပုသ်လည်းစောင့်ဖြစ်ပါတယ်တဲ့။ ထောင်မှာနေရတော့ အားလုံးကဂရုတစိုက်ထားတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘဘအသက်အရွယ်အရ အထဲမှာနဲ့အပြင်မှာနဲ့ တော့ကွာတာပေါ့။”
ဦးဝင်းထိန်အမှုနောက်ရုံးချိန်းကို ဇွန် ၁၈ ရက်နေ့မှာ တရားရုံးကပြန်ခေါ်ထားပြီး တရားလိုတွေကိုဆက်စစ် သွားမှာဖြစ်ပါတယ်။
ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ် မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။