ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်အတွင်းက လွယ်ဟွန်းတောင်ကျောမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေအကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။
ရှမ်းလက်နက်ကိုင်အချင်းချင်း ဇွန် ၁ ရက်က စတင်လို့ တိုက်ပွဲဖြစ်ပွားနေရာမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲပိုမိုပြင်းထန်နေတာကြောင့် စစ်ရေးလမ်းကြောင်းပေါ်ကျရောက်နေတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ကျေးသီးမြို့ပေါ်က ယာယီ စစ်ဘေးရှောင်စခန်းတွေကို ထပ်မံတိမ်းရှောင်လာနေ ကြတာပါ။
လက်ရှိ ကျေးသီးမြို့ပေါ်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၁၈၀၀ ကျော်သွားပြီဖြစ်ပါတယ်။ သူတို့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြပါတယ်။ သူတို့အတွက် လာရောက်ကူညီတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရှိပေမဲ့ နေ့စဉ်စားသောက်ဖို့ ဟင်းသီးဟင်ရွက်တွေလိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့ လက်နက်ကျည်ထိမှန်ပျက်စီးတာရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေလည်း စစ်ကြောင်းယာဉ်တန်းတွေကြောင့် ဆုံးရှုံးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ အချင်းချင်းတိုက်ပွဲဖြစ်နေတာကို ရပ်တန့်ဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားတာရှိပေမဲ့လည်း တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်ပါတယ်။