ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေနဲ့ အနောက်ဘင်္ဂလားကမ်းခြေတို့အနီး ဇွန် ၁၁ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကယားပြည်နယ်မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။