မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဇွန်လ ၁၀ ရက် ညဦးပိုင်းက ဓာတ်ပုံဆရာ ကိုမျိုးဝင်းအောင် (ခေါ်) ကိုမျိုးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
''မနေ့က ည ၇ နာရီ ကျော်လောက်က သူ့အိမ်ကို စစ်သားတွေနဲ့ရဲတွေလာ ခေါ်သွားတာ။ စစ်ဆေးစရာရှိလို့တဲ့လေ။ ဘာကြောင့်မှန်းမသိဘူး။ ဘယ်ခေါ်သွားမှန်းလည်းမသိဘူး'' လို့ ဆွေမျိုးနီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဓာတ်ပုံဆရာကိုမျိုးဟာ ကိုယ်ပိုင်ဓာတ်ပုံဆိုင်ဖွင့်လှစ်ထားကာ တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁) ရပ်ကွက်၊ နှင်းဆီလမ်းက နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်ပါတယ်။
စစ်တပ်ကတောင်တွင်းကြီးမြို့နယ်ခန်းမမှာ တပ်စွဲထားပြီး ဖမ်းဆီးလာသူတွေကို အဆိုပါမြို့နယ်ခန်းမမှာ စစ်ကြောရေးပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။