မကွေးတိုင်းဒေသကြီး၊ ယောဒေသမှာရှိတဲ့ ကျေးရွာတွေကို ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ပြီးတော့ နေအိမ်တွေမှာရှိတဲ့ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားပါတယ်။
စစ်ကား ၃ စီး၊ အချုပ်ကားတစ်စီးနဲ့ ကျေးရွာတွေမှာရှိတဲ့နေအိမ်တွေကို တစ်အိမ်တက်ဆင်း မွှေနှောက်ပြီးတော့ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ချိုးဖျက်ဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
သတင်းမီဒီယာတွေမှာ ခေါင်းစဉ်တပ် ဖော်ပြခံရတဲ့ ကျေးရွာတွေကို ပိုမိုဝင်ရောက် ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာကြောင့် ရွာအမည်တွေကို မဖော်ပြဖို့လည်း ဒေသခံတွေက တောင်းဆိုထား ပါတယ်။
ယောဒေသက ကျေးရွာမှာ ပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ ရက်တွေကတည်းက ဘေးလွတ်ရာမှာ တိမ်းရှောင်ထွက်ပြေးနေကြရတာဖြစ်ပြီး မိုးတွေရွာသွန်းတာကြောင့် ရာသီဥတုဒဏ်ကိုပါ ခံစားနေကြရပါတယ်။