ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နာဇရက်ရပ်ကွက် မီးသတ်ရုံးအကျော် တံတားအနီးမှာ ဇွန်လ ၈ ရက် မနက် ၈ နာရီကျော်လောက်က ကျောင်းပို့သွားတဲ့ ခလရ ၃၁၉ စစ်တပ်ကား အပြန်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်ကားက ကျော်သွားချိန်မှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်စီးပြီး ကျောင်းသွားပို့တဲ့ နာဇရက်ရပ်ကွက်နေ အဒေါ်နဲ့ တူမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တူမဖြစ်သူမှာ ဆိုင်ကယ်လဲကျတဲ့ အရှိန်နဲ့ ကျောပြင်မှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဒေါ်ဖြစ်သူကတော့ မိုင်းစထိမှန် သတိမေ့မြောကာ ဗန်းမော်ရှိ ၄ မိုင်စစ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့ မံစီဒေသခံတချို့ကပြောပါတယ်။
မိုင်းစထိမှန်ခဲ့တဲ့ အဒေါ်ဖြစ်သူမှာ အသက် ၂၀ ကျော် အရွယ်မဆိုင်းပန် ဖြစ်ပြီး သူ့ရဲ့ တူမဖြစ်သူကတော့ ၆ တန်းကျောင်းသူဖြစ်ပါတယ်။