စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှာ ဇွန်လ ၈ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်က ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ သင်္ဘောတစ်စီးကနေ ပစ်ခတ်နေလို့ မြစ်ကမ်းမှာ ရေချိုးနေတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။
ဒေသခံတစ်ဦးက “သင်္ဘောပေါ်ကနေ ပစ်တာဗျ။ ဒီဘက်ကသူတို့ကို ဘယ်သူမှပစ်တာလည်း မဟုတ်ဘူး။ မရှိဘူး။ အေးအေးဆေးဆေး ရေချိုးနေကြတာပါ။ ရေချိုးနေတာ လူဦးရေ ၂၀ ကျော်လောက်ရှိတယ်။ အဲဒါကို သူတို့က ဘယ်လိုထင်ပြီး ပစ်တယ်တော့ မသိဘူးဗျ။ အဲဒီလိုပစ်တော့ ထွက်ပြေးကြတာပေါ့။ မပြေးရင် အလကားနေရင်း သေမှာလေ၊ ကိုယ့်မှာပြန်ခုခံစရာဆိုလို့ ဆပ်ပြာခွက်ပဲပါတာလေ” လို့ပြောပါတယ်။
စစ်ကောင်စီသင်္ဘောဟာ အရင်သွားနေကျ ရေကြောင်းလမ်းအတိုင်း မသွားဘဲ ရေကြောင်းလမ်းပြောင်းပြီး သွားနေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့က အရင်သွားနေကျလမ်းကြောင်းအတိုင်း မဟုတ်ဘူးရှင့်။ လမ်းကြောင်းပြောင်းတယ်။ ခါတိုင်း သင်္ဘောနဲ့ ဒီကနေကျော်ပြီး ရွှေကူမြို့နယ်ထဲ ဝင်တာနဲ့ မကြာခဏ အပစ်ခံနေရတော့ အခုလို မြစ်ရေတိုးချိန်မှာ လမ်းကြောင်းပြောင်းပြီးမောင်းတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းဖို့ ရေလမ်းကြောင်းကို အသုံးပြုနေပြီး ရွှေကူမြို့နယ်တဝိုက်မှာ မကြာခဏ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။