အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တ်နိုမာဆူဒီဟာ မြန်မာနိုင်ငံအရေး အပါအဝင် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တရုတ်နိုင်ငံ ချုံကျင်းမြို့မှာ ဇွန်လ ၇ ရက်က ကျင်းပတဲ့ အထူးအာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ဆွေးနွေးသွားပါတယ်။
မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုဘဝ သက်သာချောင်ချိရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးဟာ အာဆီယံရဲ့ အဓိက ဦးစားပေးလုပ်ငန်းဖြစ်ရပါမယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူညီချက် ၅ ချက်ကို လိုက်နာရေးအတွက် အာဆီယံကို တရုတ်ရဲ့ ထောက်ခံမှုဟာ အလွန်ကိုအရေးပါပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ရှာဖွေဖို့ ကြိုးပမ်းမှုကို အထောက်အကူပြုလိမ့်မှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကြမ်းဖက်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ပါတယ်။