စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (CHU-PDF) ဖွဲ့စည်းပြီးကြောင်းကို ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ချောင်းဦးမြို့နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြက တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားကို ဖြတ်တောက် နှိမ်နှင်းရန်ရေး ချောင်းဦးမြို့နယ်အတွင်း ပြည်သူလုထုကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ သောင်းကျန်းသူတွေရဲ့ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကိုနာခံကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းကာ တိုက်ပွဲတွေ စနစ်တကျ ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအသီးသီးဖွဲ့စည်းပြီး အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပြီး တပ်တွေအားလုံး တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ရမယ့် နေ့ရက်ကို တိုက်ပွဲခေါ်သံပေးမယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။