စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Monywa People Defence Force - MPDF) ကို ဇွန် ၆ ရက်မှာ ဖွဲ့စည်းခဲ့တယ်လို့ MPDF က ကြေညာပါတယ်။
ဒီတပ်ဖွဲ့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့အတူ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နိုင်ငံရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ရဲဘော်တွေ ဖွဲ့စည်းထားတာပါ။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အလျင်အမြန် တည်ဆောက်နိုင်ရေး တိုင်းတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ထိရောက်တဲ့ တော်လှန်ရေးတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေရန်က အကာအကွယ်ပေးနိုင်ရေး၊ NUG, CRPH, အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတွေနဲ့ ချိတ်ဆက်ပြီး ဟန်ချက်ညီတဲ့ နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲတွေ စနစ်တကျ ဖော်ဆောင်နိုင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။