ရှမ်းလူမျိုးအချင်းချင်းစုစည်းညီညွတ်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရမယ့် အချိန်ဖြစ်တာကြောင့် SSPP တပ်ဖွဲ့အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရပ်တန့်ဖို့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ လွယ်ဟွန်းတောင်ကျောမှာ တပ်စွဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ရဲ့ တပ်စခန်းတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်ဖွဲ့က ဇွန် ၁ ရက်က စတင် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အခုလို ရှမ်းလူမျိုးအချင်းချင်း တိုက်ခိုက်နေတာကို ရပ်တန့်ပြီး စစ်အာဏာရှင်စနစ်ကို အတူတကွတွန်းလှန်ဖို့ RCSSရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက တရားဝင်ပြောကြားလိုက်တာပါ။
ဒါ့အပြင် RCSS/SSA တပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ SSPP/SSA တပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ သက်သေတွေရှိနေတယ်လို့ လည်း သူကဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ဟာ SSPP/SSAနဲ့ လာရောက်တွေ့ဆုံတာတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း RCSS/SSA တပ်စခန်းတွေကို SSPP/SSA တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး SSPP/SSAရဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေဖြစ်တဲ့ ဒုဗိုလ်မှူးကြီးစိုင်းစု၊ ဗိုလ်မှူးစိုင်းသန်းအောင်၊ ဗိုလ်မှူးစိုင်းဘုန်းဟန်တို့ကို အကြိမ်ကြိ်မ်ဆက်သွယ်မေးမြန်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ရှမ်းတိုင်းရင်းသားတွေကို အဓိကအခြေပြုဖွဲ့စည်းထားတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ ညီညွတ်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ထုတ်ဖို့ ပြည်တွင်း ပြည်ပရှိ ရှမ်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း တောင်းဆိုနေကြပါတယ်။