စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဒိုးနွယ်ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ဇွန် ၃ ရက် ဒီမနက် ၁၀ နာရီလောက်က ဒိုးနွယ်ကျေးရွာသင်္ချိုင်းအနီးအရောက် PDF (Kalay) တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး PDF(Kalay) တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒိုးနွယ်ကျေးရွာအရှေ့ပိုင်းအတွင်းသို့ လက်နက်ကြီး ၅ လုံး ကျခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိပေမဲ့ စစ်ကောင်စီရဲ့ ရန်ပြုတိုက်ခိုက်မှုက လွတ်ကင်းရာသို့ နေရပ်စွန့်ခွာ အချိန်မီတိမ်းရှောင်ခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး PDF(Kalay) တပ်ဖွဲ့ဝင် ၁ ဦး ဗိုက်ထိဒဏ်ရာ ၊ ၂ ဦး လက်ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။