ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကို ဇွန်လ ၂ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခဲ့သူတွေဟာ အသုတ်မြို့ အမှတ် ၃ ရပ်ကွက်က တရားလွှတ်တော်ရှေ့နေ ဦးစိန်မြသန်း အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသီး ၁ ဦးဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်ပြီးနောက်တရက်မှာပဲ ရှေ့နေကြီး ဦးစိန်မြသန်းတို့ကို ဝင်ဖမ်းတာ။ ဖမ်းတဲ့လူတွေကလည်း ယူနီဖောင်းတွေ ဝတ်မထားဘူး။ အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ပြီး အိမ်ကိုဝင်ဖမ်းတာ"လို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူမရဲ့ဖခင်ဟာ အသုတ်မြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အသုတ်မြို့မှာ ဇွန်လ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ လူငယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ သိရပါတယ်။