ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ ကိုဖိုးလုံး တစ်လပြည့်တဲ့နေ့ အထိမ်းအမှတ် ဇွန်လ ၂ ရက် ညနေပိုင်းက လုံခြုံရေးတွေ တင်းကျပ်နေတဲ့ကြားက မြို့ခံလူငယ်တွေ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ပါတယ်။
"ကျနော်တို့ ပန်းခွေနဲ့ပန်းတွေ မြစ်ထဲမျှောတဲ့အထိမ်းအမှတ်လေး သူကျဆုံးတဲ့နေရာမှာလုပ်ပေးချင် ပေမယ့် လှည့်ကင်းတွေအရမ်းပတ်နေလို့အဆင်မပြေတာကြောင့် ကျောင်းကလည်း ကပ်လျက် ဆိုတော့ တပ်စွဲထားတော့ မလုပ်ပေးနိုင်လို့ မြစ်ကမ်းဘေးပဲသွားလုပ်ပေးရတာ" လို့ ပါဝင်သူ တစ်ဦးကပြောပါတယ်။
မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကိုဖိုးလုံး (ခ) ဘိုင်ဘိုင်း ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကျဆုံးသူရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဧပြီ ၄ ရက်နေ့ကလည်း သူ့နေအိမ်နဲ့ သူကျဆုံးခဲ့တဲ့ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
သီပေါမြို့မှာ ခုရက်ပိုင်း အဖမ်းအဆီးနဲ့ ဖြိုခွင်းမှုတွေရှိနေတဲ့အတွက် ဆန္ဒပြသူ တော်တော်များများကလည်း တိမ်းရှောင်နေရသလို ကျန်ခဲ့တဲ့သူတွေကလည်းသပိတ်ထွက်ဖို့ ခက်ခဲနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"မေ ၁၃ လောက်ထိတော့ ဆိုင်ကယ်သပိတ်ဘာညာထွက်ခဲ့တယ်။ အဲ့နောက်ပိုင်းတော့ပြောက်ကျား သပိတ်များတယ်”။
စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်ပေမယ့် သပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခံရတဲ့အပြင် အဖမ်းအဆီးများလာပြီး တင်းကျပ်မှု များလာတာကြောင့် ပုံစံပြောင်း ဆန္ဒဖော်ထုတ်ရတာလို့ လူငယ်တဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေး ကာလ သီပေါမှာ ၂၄ နှစ် အရွယ် အမျိုးသား ၁ ယောက်ကျပြီး ၁၀ ယောက် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲဆို ခံထားရကာ ဖမ်းဝရမ်း ထုတ်ခံထားသူတွေ အနည်းဆုံး ၁၈ ယောက်လောက်ရှိတယ်လို့ သိရပါတယ်။
Photo Crd - SJ