တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP အနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပေးဖို့ မွန်ပြည်နယ်က ကျောင်းသားများသမဂ္ဂအဖွဲ့ ၁၂ ဖွဲ့က ဇွန်လ ၁ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်ပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေမှာတော့ မွန်ပြည်သစ်ပါတီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီဘက်သို့ ရပ်တည်ခြင်းမပြုဘဲ ပြည်သူလူနဲ့အတူ ရပ်တည်ဖို့နဲ့ နိုင်ငံတကာကိုလည်း ပါတီရဲ့ သဘောထား ထုတ်ပြန်ကြေညာပေးဖို့ ပါဝင်ပါတယ်။
ပြည်သူ့လူထုကိုနေ့စဉ် ဖမ်းဆီးသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို မွန်ပြည်သစ်ပါတီအနေနဲ့ ညှိနှိုင်းဆွေးနွေးတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့လည်း ကျောင်းသားတွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် မွန်ပြည်သစ်ပါတီရဲ့ ရှေ့ဆက်ရပ်တည်ချက် နိုင်ငံရေးလမ်းပြမြေပုံကို အခါအားလျော်စွာ ပြည်သူလူထုထံ ထုတ်ပြန်ပေးဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်လျှောက်လှမ်းရာမှာ ပြည်နယ်အတွင်းက လူမျိုးစုအသီးသီးရဲ့ အကျိုးစီးပွားကို ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုထားပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ဟာ အန်အယ်ဒီအစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။