မကွေးတိုင်း၊ ပခုက္ကူမြို့ အင်း၀ဘဏ်ရှေ့မှာ ဆိုင်ကယ်စီးပြီး အော်ဟစ်သွားသူ နှစ်ယောက်ကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့ဒေသခံတွေဆီက သိရပါတယ်။
အင်းဝဘဏ်ရှေ့မှာ စစ်တပ်က နေ့စဉ် လုံခြုံရေးယူထားပြီး ဇွန်လ ၁ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ဘဏ်ရှေ့ ဆိုင်ကယ်စီး ဖြတ်သန်းသွားရင်း အော်ဟစ်သွားသူတွေဟာ ကိုက် ၁၀၀ အကျော်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပစ်ခတ်ခံရပေမဲ့ ထိမှန်ခဲ့ခြင်းမရှိပဲ ဆိုင်ကယ်နဲ့ ကားကို ဝင်တိုက်မိရာက တစ်ဦး ခြေထောက်ကျိုးပြီး တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဘဏ်မှာ စောင့်နေတဲ့ ရဲဘော်တွေရှေ့ကနေ ဖြတ်စီးသွားရင်း လူငယ်တစ်ဦးက သူ့ရဲ့ စိတ်ဆန္ဒအလျောက် သွားအော်မိတာပေါ့။ အော်မိတဲ့အခါမှာ လှမ်းပစ်လိုက်တာပေါ့။ မှန်တော့မမှန်ဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ပြေးတဲ့အခါကျတော့ ကားနဲ့ သွားပြီးတော့မှ ဆောင့်မိတာ တစ်ယောက်က ဆိုင်ကယ်လဲပြီးတော့ ကျိုးသွားတာ ကားနဲ့ ချိတ်မိသွားတာ”။
ပခုက္ကူမှာ ဒီဖြစ်စဉ် ဖြစ်ပြီးခါစက သတင်းမှားတွေ များစွာထွက်လာပေမယ့် အဆိုပါ လူငယ်နှစ်ဦးဟာ သေနတ်ထိမှန်တာ မဟုတ်ဘူးလို့ သိရပါတယ်။
“ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့ စီးလာတယ်။ အဲဒါကို စစ်ခွေးတွေဆိုပြီးတော့ ဆဲလိုက်တာပေါ့လေ။ ဆဲလိုက်တာကိုမှ ဟိုဘက်က ပြန်ပစ်လိုက်တယ်။ ပြီးတော့ ကိုက် ၁၀၀ လောက် ရောက်သွားတဲ့အချိန်မှာ တစ်ယောက်ထိလို့ ဆိုင်ကယ်မှောက်သွားတယ်လို့ အစပိုင်းမှာတော့ သတင်းက အမျိုးမျိုးထွက်နေတယ်” လို့လည်း ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ စစ်အာဏာသိမ်းချိန်ကနေ အခုအချိန်ထိ ဖမ်းဆီးခံရသူ ၄၀၀ ကျော် ရှိလာပြီ ဖြစ်ပြီး သေဆုံးသူ ၈ ဦးဝန်းကျင်ရှိသွားပြီဖြစ်ပါတယ်။
ဇွန်လ ၁ ရက် ညနေပိုင်းမှာ ပခုက္ကူ မဟာစည်သာသနာ့ရိပ်သာအနီးက မိတ္တူဆိုင်ကို စစ်တပ်က ဝင်ရောက်ရှာဖွေရာမှာ ပိုင်ရှင်မတွေ့တဲ့အတွက် ဆိုင်ချင်း ကပ်လျက် ဆိုင်ကယ်ပြင်ဆိုင်က လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။