ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပညာရေးမှူးရုံးရှေ့မှာ ဇွန်လ ၁ ရက် ညနေ ၃ နာရီ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
“၃ နာရီဝန်းကျင်လောက် အသံအကျယ်ကြီးကြားရတယ်။ မနက်က ဗုံးတွေ့တယ်ဆိုတာ ကြားရတယ်။ အခုတခါ ပေါက်ကွဲသံကြားရတယ်။ ထိခိုက်တာရှိမရှိတော့ မသိဘူး”လို့ ကျုံပျော်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပညာရေးမှူးရုံးဘက်မှာ ဗုံးပေါက်တာဖြစ်ပြီး ဘယ်နှစ်ယောက်ထိခိုက်ဒဏ်ရာရသလဲ မသိသေးဘူးလို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကျုံပျော်မြို့နယ် အ.မ.က (၁) မှာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ဗုံး ၁ လုံးထည့်ထားတဲ့ အိတ်တလုံး တွေ့ရှိခဲ့ပါတယ်။
မိဘပြည်သူတွေအနေနဲ့ လမ်းတွေ့ရာအထုတ် မသယ်ဖို့ ၊ လူများတဲ့နေရာ၊ ကျောင်း၊ ရုံး စတဲ့ အဆောက်အအုံတို့ကိုသွားတဲ့အခါ ဂရုတစိုက်သွားလာကြဖို့ ကျုံပျော်မြို့နယ် Gen-Z တွေက ပြည်သူတွေကို အသိပေးထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်နဲ့ ညောင်တုန်းမြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့ပါတယ်။