ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ မေလ ၃၁ ရက်နေ့က လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကားနဲ့ ဝင်တိုက်မိခဲ့တာကြောင့် အမျိုးသား တစ်ဦးသေဆုံးသွားပါတယ်။
ဒီ နေ့လယ် ၁၂ နာရီခွဲလောက်မှာ တော်ဝင်ဆီဆိုင်ရှေ့ဖြတ်မောင်းလာတဲ့ ခရိုင်ရဲမှူးကားဟာ လမ်းလျှောက်လာတဲ့ အသက် ၃၈ နှစ်အရွယ် ဦးကျော်မင်းအောင် ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။
"နေရာမှာတင် သေသွားတာ။ ကားကလည်း အရှိန်များတယ် အဲ့လူကလည်း လမ်းပေါ်တက်လျှောက်တော့ ထိန်းမရဘဲ တိုက်လိုက်တဲ့သဘောဖြစ်သွားတာ''လို့ ဒေသခံက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လူသေဆုံးခဲ့တဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ကားမောင်းနှင်သူကို ဥပဒေအတိုင်းအရေးယူသွားဖို့ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
"ဥပဒေအတိုင်း အရေးယူသွားမှာပါ။ ခုလည်း ရဲစခန်းမှာ အမှုဖွင့်ထားပါပြီ။ လိုအပ်တာတွေ စီစဉ်နေပါတယ်''လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ယာဉ်မောင်းကို လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့် ထားပါတယ်။