မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံးဝင်းအတွင်းမှာ မေလ ၃၁ ရက် ညနေ ၃ နာရီလောက်က ဗုံးတစ်လုံး ပေါက်ကွဲကြောင်း သိရပါတယ်။
မြို့ခံတစ်ဦးက ''ရုံးဝင်းရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ အဆောက်အဦမှာ ပေါက်တာ။ အစအနတွေလည်း ပတ်ဝန်းကျင်ကို စင်တယ်လို့ကြားတယ်။ အပျက်အစီးစာရင်းနဲ့ ဘာတွေဖြစ်ကုန်လဲဆိုတာတော့ အတိအကျမသိရသေးဘူး။ အခု ရုံးထဲမှာကော ရုံးအပြင်မှာကော ရဲတွေနဲ့စစ်သားတွေ ခြေရှုပ်နေတာပဲ''လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံးရှေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက နေ့ညမပြတ် စောင့်နေစဉ် အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။