ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှာ မေ ၂၆ ရက်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားနေတာကြောင့် တနှစ်အောက်ကလေးငယ် ၇ ယောက် သေဆုံးခဲ့ကာ လူ ၂၀၀ ကျော် ကူးစက်ခံထားရတယ်လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။
“ဝမ်းလျှောကြတယ်၊ အစားအသောက်ကြောင့်ဖြစ်ကြတာလည်း ပါတာပေါ့။ ရေကလည်း မသန့်ရှင်းတာ ပါတာပေါ့။ ၂၇ ရက်က ၂၉ ရက်ထိ တနှစ်အရွယ် ကလေး ၁ ယောက်ရယ်၊ လသားအရွယ် ၅ ယောက်၊ အဲဒီရွာနဲ့ကပ်ရက်ရွာက လသားအရွယ် ၁ ယောက် သေတယ်။ ဆေးရုံတင်ထားရတဲ့သူတွေလည်း ရှိတယ်။”
လတ်တလော ဆရာဝန်ရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ လူ ၂၁၀ လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီး ရေကို ကျိုချက်သောက်သုံးကြဖို့၊ အိမ်သာကို သန့်သန့်ရှင်းရှင်းထားဖို့နဲ့ စားတာ သောက်တာတွေကို ဆင်ခြင်ဖို့ ပညာပေးစကားပြောတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။
ပေါက်တောကျေးရွာမှာ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းလျှောရောဂါဖြစ်နေတာ သိရတဲ့အတွက် မိမိရေသန့်စက်ရုံကထွက်တဲ့ ရေသန့်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ပရဟိတ လုပ်ကိုင်နေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။
ပေါက်တောကျေးရွာမှာ နေထိုင်တဲ့ လူဦးရေ ၄,၀၀၀ ကျော်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေသူ ၂၀၀ ကျော်ရှိပြီး ပန်းမြောင်းဆေးရုံမှာ တက်ရောက် ကုသနေသူ ၅ ဦး ရှိတယ်လို့ သိရပါတယ်။