ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တဲ့အတွက် စာသင်ကျောင်း ၃ ကျောင်း ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဘုရားသုံးဆူ အထက်တန်းကျောင်း ရုံးခန်း မီးလောင်ပျက်စီးခဲ့ပြီး အမှတ် ၁ ရပ်ကွက် မြို့ပြင်မှာရှိတဲ့ အ.ထ.က မူလွန်ကျောင်း(မြပန်း)ရဲ့ အုတ်တံတိုင်းပြိုကျပျက်စီးခဲ့သလို အမှတ် ၃ ရပ်ကွက် ရပ်ကွက်မှာရှိတဲ့ မူလွန်ကျောင်းအဆောက်အအုံ အနည်းငယ်ပျက်စီးခဲ့ပါတယ်။
“ကျမတို့မြို့ ထိခိုက်အောင် ဘယ်သူမှမလုပ်ဘူး။ ပေါက်ကွဲတဲ့ကျောင်းကြီးက ကိုယ်ထူ ကိုယ်ထ ကျောင်း။ အဆောက်အအုံ ပျက်စီးတာတွေတော့ ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူး” လို့ မြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စစ်ဆေးနေကာစာသင်ကျောင်းအနီးတဝိုက် လုံခြုံရေးရယူထားပါတယ်။
ဒေသခံ ၆ ယောက်ထက်မနည်းကိုလည်း မသင်္ကာမှုနဲ့ ညတွင်းချင်း ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။