တောင်တွင်းကြီးမြို့မှာ မေ ၂၇ ရက်ညက မောင်းတိုင် (၁) ရပ်ကွက်၊ မြို့ရိုးကုန်းလမ်းမှာ နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး၏မိခင်ကို စစ်တပ်နဲ့ရဲက ဓားစာခံအဖြစ် ဖမ်းဆီးသွား တယ်လို့ သိရပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားပြီး တိမ်းရှောင်နေသူ ကိုပြည့်ဖြိုးပိုင်က ''ဟုတ်ပါတယ်။ ည ၉ နာရီလောက်မှာ စစ်တပ်နဲ့ရဲက ကျနော့်အိမ်ကို လာဝိုင်းပြီး လာဖမ်းတာတဲ့။ ကျနော်က NLD စည်းရုံးရေးကာလတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာတွေ ရှိလို့နေမှာပေါ့။ အိမ်မှာမနေတာ ကြာပြီလေ။ ကျနော့်ကို မတွေ့တော့ အမေကို ဓားစာခံအဖြစ် ဖမ်းသွားတာ။ ရဲစခန်း ခေါ်သွားတာလားမသိဘူး။ ဖမ်းသွားတဲ့အချိန်ကစပြီး အခု ၂၄ နာရီပြည့်တဲ့အချိန်ထိ အမေနဲ့ အဆက်အသွယ်မရသေးဘူးဗျ'' လို့ အတည်ပြုပြောပါတယ်။
မတရားဖမ်းဆီးခံရသူမှာ ဒေါ်စန်းသီတာဖြစ်ပြီး DVB က တောင်တွင်းကြီး ရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ခံ ဖြေကြားမယ့်သူ မရှိဘူးလို့ ပြန်လည်ဖြေကြားပါတယ်။