မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ မေလ ၂၈ ရက် မနက်ပိုင်းက အလံမလိပ်အသံမတိတ်တဲ့ မန္တလေးမြို့ မဟာမိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ခဲ့တဲ့အထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင်၊ မန္တလေးပညာရေး မိသားစုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း တို့ ပါဝင်ခဲ့ကြပါတယ်။
ချီတက်ရာမှာလည်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး စတာတွေကို ကြွေးကြော်ချီတက်ခဲ့ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းမှာလည်း မေလ ၂၈ ရက်မနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ကျောင်းသားများသမဂ္ဂ၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။