မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာမှာ မေလ ၂၅ ရက် ညက စစ်တပ်က အကြမ်းဖက် ဝင်ရောက်ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ ရွာသား ၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောစိမ့်ကျေးရွာ အထကခွဲမှာ စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ရွာသားတွေက သပိတ်မှောက်ထားတာကြောင့် စစ်ကောင်စီ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖိုးရွှေဟာ ရွာသားတွေကို ခြိမ်းခြောက်ခဲ့ပြီးတော့ ည ၇ နာရီကျော်လောက်မှာ စစ်တပ်က အင်အား အများအပြားခေါ်လာကာ ရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
စစ်သား အင်အား ၁၀၀ နီးပါးနဲ့ ရွာထဲဝင်ရောက်လာပြီး သေနတ်အချက် ၁၀၀ ကျော်လောက်ပစ်ဖောက်တာကြောင့် ရွာမှာရှိတဲ့အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးကတော့ ထပြေးဖို့အလုပ်မှာ ဦးခေါင်းကျည်ဆန်ထိမှန်သေဆုံးသွားခဲ့တာပါ။
သေဆုံးသူအမျိုးသမီးရဲ့ အလောင်းကို အကြမ်းဖက်စစ်တပ်က သယ်သွားတယ်လို့သိရပြီးတော့ ရွာသား ၆ ယောက်ထက်မနည်းကိုလည်း ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီရွာမှာ မေလ ၂၆ ရက် ဒီနေ့မနက်ပိုင်းအထိ အကြမ်းဖက် စစ်သားတွေက ဝင်ရောက်မွှေနှောက်နေပြီးတော့ ဖမ်းဆီးစစ်ဆေးနေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။