မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဇီးတောစံပြကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မေလ ၂၄ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နေအိမ်တွေနဲ့ ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတာကို စစ်ကောင်စီက ခန့်ထားတဲ့ ဒလန် အုပ်ချုပ်ရေးမှူး ဝင်းမြင့်အောင်ကသတင်းပေးတိုင်ကြားတာကြောင့် ကား ၃ စီး နဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်အင်အား ၄၀ လောက်နဲ့ရောက်လာပြီး သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်ကာ ဗုံးတစ်လုံးခွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဇီးတောကျေးရွာက ဒေသခံပြည်သူ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပြီး ဒီအကြိမ်နဲ့ဆို ဒုတိယအကြိမ်ဝင်ရောက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာအနီးက ရေစကြို-ချောင်းဦးလမ်းပေါ်မှာ သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေရဲ့ ကား/ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။