လေဖိအားနည်းရပ်၀န်းနဲ့ မုန်တိုင်းအရှိန်ကြောင့် မတူပီမြို့ အပါအ၀င် ချင်းပြည်နယ်က မြို့တချို့နဲ့ စစ်ကိုင်းတိုင်းထဲက မြို့တချို့မှာ မိုးကြီး၊ လေပြင်းတိုက်နိုင်တာကြောင့် သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားပါတယ်။
မြစ်၀ကျွန်းပေါ်ပင်လယ်ပြင်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်၀န်းဟာ မုန်တိုင်းဖြစ်လာပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကတဆင့် အိန္ဒိယ-ဘင်္ဂလားနယ်စပ်ကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်တွေကြောင့် ဒီနေ့ အပါအ၀င် လာမယ့်ရက်တွေမှာ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ မိုးကြီးချိန်မှာ တောင်စောင်းတွေ၊ ကမ်းပါးတွေ၊ တောင်ကျရေဆင်းမယ့် လမ်းကြောင်းတွေ၊ ကွင်းပြင်ကျယ်တွေနဲ့ အလွယ်တကူကျိုးကျနိုင်မယ့် သစ်ပင်ကြီးတွေအောက်မှာ စခန်းမချဖို့ အထူးသတိပေးထားပါတယ်။
ကချင်ပြည်နယ်မှာလည်း နေရာကွက်မိုးကြီးနိုင်လို့ ကျောက်စိမ်းလုပ်ကွက်တွေမှာ ရေမဆေးကျောက်ရှာသူတွေအနေနဲ့ မိုးလေဝသသတင်းကို သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် ဒီနေ့မှာ တနင်္သာရီတိုင်း၊ မွန်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။
နောက် ၂၄ နာရီအတွင်းမှာတော့ တနင်္သာရီ၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ မွန်၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရွာနိုင်ပါတယ်။
မိုးလေဝသ ခန့်မှန်းပေးနေတဲ့ Windy ဝက်ဘ်ဆိုက်မှာတော့ မေ ၂၃ ရက် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းစဖြစ်နိုင်ပြီး မေ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့နားကနေ ကုန်းတွင်းပိုင်းကို ဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။