ချင်းပြည်နယ် မင်းတပ်မြို့နဲ့ မိုင် ၃၀ နဲ့ ၄၀ ကြားမှာ မေလ ၁၇ ရက် မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက အရင်ကနဲ့မတူတဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် ( CDF-Mindat ) ရဲဘော်တချို့ ဗုံးဆန်မထိ၊ ပြင်ပဒဏ်ရာမရှိပေမဲ့ မူးဝေအော့အန်တာ၊ အရုပ်ကြိုးပြတ်အားနည်းတာရှိနေသလို ရုတ်တရက်မူးဝေ အားပြတ်သွားတာကြောင့် တွဲကူထမ်းထုတ်ရတာမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲတွေ မရှိတော့ပေမဲ့ မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
မေ ၁၂ ရက်က မတူပီကနေ ဆင်းလာတဲ့ စစ်ကား ၆ စီးဟာ လမ်းမှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံရလို့ မင်းတပ်မြို့ဆီကို မရောက်နိုင်ဖြစ်နေပြီး မေ ၁၅ ရက်မှာတော့ မတူပီ ဗျူဟာကနေ စစ်ကူကားနောက်ထပ် ၇ စီး ထပ်လာခဲ့တယ်လို့ ဆိုပါတယ်။
မြို့အနောက်ဘက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေကို တောက်လျှောက်သုံးလာခဲ့ပြီး မြို့နဲ့ ၁၆ မိုင်အကွာမှာတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ကျည်ကုန်သွားတာဖြစ်နိုင်တယ်လို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်က သုံးသပ်ပါတယ်။