ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မေ ၁၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။
မနေ့ညနေပိုင်းမှာ မတူပီမြို့ကနေ ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းတွေကို ၁၄ မိုင်ဝန်းကျင်မှာ CDF-Mindat က ပဒေသာမိုင်း ၂ ကြိမ်၊ တူမီး မောင်းပြန်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDF-မင်းတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က “မတူပီဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို CDF-မင်းတပ်က ရဲဘော်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့တာ။ ကျနော်တို့ဘက်က ပဒေသာမိုင်း ၂ လုံး၊ တူမီးသေနတ်တွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိသွားကြတာ”လို့ပြောပါတယ်။
ချင်းပြည်နယ်မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေ နှစ်ချီပြင်းထန်နေတာဖြစ်ပြီး ဒီပဋိပက္ခ ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီယာဥ်တန်းကို အလွတ်မပေးဘဲ အပြင်းအထန်တိုက်ခိုက်နေတဲ့ ရှေ့တန်းရောက် CDF-မင်းတပ်က ရဲဘော်တွေကို မိဘပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်ကပါဝင်ကူညီပြီး ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
မင်းတပ်-မတူပီ ကားလမ်းဘေးမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာ တော တောင်တွေ၊ ဘာသာရေးအဆောက်အုံတွေနဲ့ စစ်ရှောင်စခန်းတွေကို ထွက်ပြေးနေကြရပြီး မိုးရာသီရောက်တော့မှာဖြစ်လို့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာတာ ကြောင့် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေ တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။