ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ပါတီဝင်တချို့ မေ ၁၇ ရက်က ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၂၁ ရက်မှာလုပ်မယ့် အစည်းအဝေးကို တက်ရောက်မယ်လို့ ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်တာကြောင့် နုတ်ထွက်တာ လို့ သိရပါတယ်။
ဒီလိုဆုံးဖြတ်ချက်ကြောင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးလည်း ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
ပြည်သူ့ပါတီ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်စိုးမြင့်၊ အတွင်းရေးမှူး ဦးခင်မောင်ထွန်းတို့အပြင် စည်းရုံးရေးမှူး ဦးစိန်လင်း (ခ) စိန်ငယ်လေးနဲ့ မြို့နယ် EC တချို့လည်း နုတ်ထွက်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီကဖွဲ့စည်းထားတဲ့ UECနဲ့ တွေ့ဆုံပွဲ တက်ရေး၊မတက်ရေးနဲ့ပတ်သက်လို့ ပြည်သူ့ပါတီခေါင်းဆောင်းပိုင်းကြား သဘောထားကွဲလွဲမှုတွေ ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောပါတယ်။
အစည်းအဝေးမတက်လိုက်ရတဲ့အတွက် အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။ လာမယ့် ၂၁ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ စစ်ကောင်စီရဲ့ကော်မရှင်က ဖိတ်ကြားထားတာပါ။
ဒါကြောင့် မေလ ၁၇ရက်နေ့မှာတော့ အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရေး မတက်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပါတီခေါင်းဆောင်တွေကြား အမြင်မတူမှုဖြစ်ပေါ်ခဲ့တာပါ။
ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကို ဒီအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ ထို့အတူ စစ်ကောင်စီအောက်က ကော်မရှင်နဲ့ သွားတွေ့မတွေ့ဆိုတဲ့အပေါ် စောင့်ကြည့်ဖို့သာ ဦးမင်းဇေယျကပြောဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးရဲနိုင်အောင်လည်း ဒီနေ့မှာ နုတ်ထွက်ခဲ့ပါတယ်။ နုတ်ထွက်တာနဲ့ပတ်သက်လို့ ဦးရဲနိုင်အောင်က ပါတီကိုပဲမေးမြန်းဖို့ ပြောဆိုပါတယ်။