စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေးသပိတ် ၆၈ ရက်မြောက်နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ စုပေါင်းပြီး မေလ ၁၇ ရက်နေ့က အင်အားထောင်ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
"တိုင်းပြည်ရဲ့အနာဂတ်ဟာ ကျနော်တို့ကိုယ်တိုင် ပုံဖော်ထုဆစ်ရမှာဖြစ်တာမို့ ကျနော်တို့အားလုံးရဲ့ အစိုးရ NUG နဲ့ CRPH ကိုပူးပေါင်းပါဝင်ရမှာဖြစ်သလို ပြည်သူလူထုအချင်းချင်း သွေးမကွဲကြဘဲ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ရမှာဖြစ်တယ်"လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသားလူငယ်တစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တခြားလူငယ်တစ်ဦးကလည်း"လက်နက်စွဲကိုင်မှ ဖြစ်တော့မယ်ဆိုတဲ့ အသိဝင်လာတာကြောင့် ကျနော်တို့လူငယ်တွေ လေ့ကျင့်နေကြသလို ဒေသခံပြည်သူတွေကလည်း ပူးပေါင်းပါဝင်ပေးဖို့ ပြင်ဆင်ထားပါ” လို့ တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြပွဲကို လမ်းလျှောက်သပိတ်၊ ထိုင်သပိတ် တို့အပြင် တိုင်းပြည်ကို ချွတ်ခြုံကျအောင် ပြုလုပ်နေတဲ့ စစ်အာဏာရူးတစ်စုနဲ့ သူတို့ကိုကျောထောက်နောက်ခံပေးနေတဲ့ တရုတ်နဲ့ပတ်သက်တာမှန်သမျှကို မီးလောင်တိုက်သွင်းတဲ့ ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။