မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာမှာ မေလ ၁၆ ရက်မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က နေအိမ်နှစ်အိမ်ရှိ တွေ့သမျှပစ္စည်းတိုင်းကို ရိုက်ခွဲဖျက်ဆီးပြီး သေနတ်ပစ်ဖောက်ကာ ငွေကြေးနဲ့ လက်ဝတ်လက်စားတွေကိုယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “အိမ်နှစ်လုံးဖျက်ဆီးခံရတယ်၊ ဆိုင်ကယ်သော့တွေကို သော့အုံမှာတပ်ပြီး ချိုးသွားတ ယ်၊ ဆိုင်ကယ်ဆီတိုင်ကီတွေထဲလည်း သဲတွေထည့်သွားတယ်၊ မှတ်ပုံတင် အိမ်ထောင်စုဇယားနဲ့ ငွေကြေးအချို့နဲ့ လက်ဝတ်လက်စားတွေယူသွားတယ်ဗျ။ ဘယ်လောက်ယူသွားတယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ ကျနော်တို့လည်း ရှောင်ပုန်းနေရတော့ ကာယကံရှင်တွေလည်း ကိုယ့်အိမ်ကို မစစ်နိုင်သေးဘူး။ သေနတ်ဖေါက်တာကလည်း အိမ်ထဲကနေ မိုးပေါ်ထောင်ဖောက်တာဆိုတော့ အိမ်အမိုးတွေလည်း ပေါက်သွားတယ်။ နေ့လယ် ၁၂ ကျော်လောက်မှာတော့ စကစ က လူတွေ ရွာကနေ ပြန်ထွက်သွားကြတယ်” လို့ ပြောပါတယ်။
တောင်ကန်အုပ်စု၊ကင်းကျေးမှာ မေ ၁၅ ရက်ကလည်း စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးပိုင် ယာခင်းထဲက တဲနှစ်လုံး အပါအဝင် မီးစက်နဲ့ကောက်ရိုးပုံတွေ မီးလောင်ကျွမ်းပျက်စီးသွားခဲ့တာကြောင့် မတ္တရာမြို့က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေခေါ်ပြီး နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးခိုင်းတာဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ လိုက်ထရက်ကားနှစ်စီး၊ ဇိမ်ခံကားနှစ်စီး စုစုပေါင်း လေးစီး မှာ လူအယောက် ၃၀ ကျော်လောက်ရှိပြီး၊ လက်နက်ပါ အရပ်ဝတ်တွေနဲ့ ပ ထမဆုံးလာယောက်ဖျက်ဆီးပြီးမှ နောက်ဆုံး ဇိမ်ခံကားတစ်စီးပေါ်မှာသာ စကစ ယူနီဖောင်းဝတ် တွေ တွေ့ရတယ်လို့ပြောပါတယ်။
တောင်ကန်အုပ်စုအတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တာ ၅ ကြိမ်ရှိသွားပြီး ဖြစ်ပြီး၊ လာရောက်တဲ့ အကြိမ်တိုင်း ရွှေငွေပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။