မုံရွာမြို့က ကဗျာဆရာ ဦးစိန်ဝင်းဟာ မေလ ၁၄ ရက်နေ့က စက်မှုဇုန်က ခေါက်ဆွဲစက် တခုမှာ မီးရှို့သတ်ဖြတ်ခံရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ကဗျာဆရာ ဦးစိန်ဝင်းဟာ စစ်ဘေးရှောင်တွေအတွက် အလှူငွေ လိုက်လံကောက်ခံနေသူ ဖြစ်ပြီး ခေါက်ဆွဲစက်တစ်ခုမှာ ခဏဝင်နားနေတုန်း အလုပ်သမားတဦးက အနောက်ကနေ ဓာတ်ဆီနဲ့ လောင်းပြီး မီးရှို့ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုဒဏ်ရာကြောင့် မေ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဆေးရုံမှာပဲ သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်သူဟာ ဦးစိန်ဝင်းနဲ့ ရင်းနှီးတဲ့ အလုပ်သမားတစ်ဦး ဖြစ်တယ်လို့ မိသားစုဘက်က ပြောပါတယ်။
ကဗျာဆရာ ဦးစိန်ဝင်းကို ဘာကြောင့် အခုလို မီးရှို့သတ်ရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ မီးရှို့တဲ့ အလုပ်သမားကိုလည်း ဖမ်းမမိသေးဘူးလို့ သိရပါတယ်။