ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ (ကေအဲန်ယူ၊ ဒူးပလာယာခရိုင်)မှာ မေ ၁၄ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြပြည်သူနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက နေအိမ်အတွင်း အတင်းအဓမ္မဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြောက်ကျားသပိတ် ပြုလုပ်အပြီး နာရီပိုင်းမှာပဲ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက ဆန္ဒပြပြည်သူတွေကို မြို့အနှံ့ လိုက်လံရှာဖွေဖမ်းဆီးရာမှာ ရပ်ကွက် ၂၊ ရေတွင်းလမ်းမှာ နေထိုင်တဲ့ ဒေါ်ဇင်မာနဲ့ နော်ဝါးဂေထူးတို့ နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နေအိမ်နဲ့ ရေချိုးခန်းတံခါးတွေကို ထုရိုက်ဖျက်ဆီးပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
ဘုရားသုံးဆူမြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေပေမယ့် ပြောက်ကျားသပိတ်ပြုလုပ်ပြီး အရှိန်မပျက် ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။