အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန်က သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ္မဋ္ဌာန်းပွားများနေသူဖြစ်တဲ့အတွက် သေမယ်ဆိုလည်း သေရဲသွားပြီလို့ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ဒီနေ့ မေလ ၁၄ ရက်နေ့က အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားခွင်ပြုလုပ် စစ်ဆေးမှုအပြီး ဦးဝင်းထိန်က သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ သတင်းဌာနတချိုနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်တွေအရ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ဦးဝင်းထိန်ဟာ ဒီကနေ့ တရားခွင်ကျမှ လူတွေ ရုံးထုတ်စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။
တရားခွင်အတွင်း တရားလိုဖြစ်တဲ့ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလူက စစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်စာကို သက်သေအဖြစ် တင်သွင်းခဲ့ပေမယ့် ဦးဝင်းထိန်ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
"တရားလိုဘက်ကနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်ကို သက်သေခံအဖြစ်တင်သွင်းတယ်။ အဲ့တာကို ကျမတို့က ကန့်ကွက်တယ်။ ကျမတို့ ကန့် ကွက်ချက်အပေါ်မူတည်ပြီး နောက်ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေကနေပြီး ဥပဒေအကျိုးဆောင်တွေနဲ့ ကျမတို့ကနေပြီး လျှောက်လဲချက် ကျယ်ကျယ်ပြန့်ပြန့်ကို ကြားနာဖို့ကို နောက်ရုံးချိန်းကို ချိန်းလိုက်ပါတယ်။ တရားလိုစစ်တာ မပြီးသေးပါဘူး။ တရားလိုစစ်နေရင်းနဲ့မှ သက်သေတင်သွင်းတာကို ကျမတို့ကန့်ကွက်တဲ့အပေါ် လျှောက်လဲချက်ကို ကြားနာဖို့ဆိုပြီးနောက်ရုံးချိန်းကို ချိန်းတာပါရှင့်" လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဦးဝင်းထိန်အနေနဲ့ နေပြည်တော်အချုပ်ထောင်အတွင်း ကောင်းမွန်စွာနေရပြီး အစစအရာရာ အဆင်ပြေပါတယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးနောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မေလ ၂၈ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။