Home
မြန်မာသတင်း
မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး နှုတ်ဆက်ပွဲတွင်ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း ၄ ဦး ဒဏ်ရာရ
DVB
·
May 14, 2021
67528269_674907399640268_8573208623549775872_n

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဒီကနေ့မနက်က ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦပျက်စီးခဲ့ရသလို ဝန်ထမ်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ 

ဒီကနေ့မနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးကိစ္စနဲ့ အုပ်ချုပ်ရေးမှူးဟောင်းနှုတ်ဆက်ပွဲကို တပြိုင်တည်းကျင်းပပြီး အပြင်သို့ထွက်လာကြစဉ် မနက် ၁၁ နာရီကျော်မှာ အပြင်ဘက်ကနေ တိုက်ခိုက်ခံရလို့ ခန်းမထဲကျန်ရှိနေသူ ဝန်ထမ်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ မိုးမောက်မြို့ခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“  အစည်းအဝေးသွားတက်တဲ့ ရပ်ကျေးဥက္ကဋ္ဌ တယောက်ပြန်ပြောလို့ သိရတာပါခင်ဗျ၊ ကနေ့မနက် မြို့နယ်နဲ့ သူတို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်တယ်၊ လူ ၉၀ လောက်တက်ရောက်တယ်တဲ့၊ မြို့နယ်မှူးအဟောင်းကပြောင်းတော့မှာဆိုတော့ သူ့ကိုပါနှုတ်ဆ က်ပွဲလုပ်တယ်၊ အခမ်းအနားပြီးလို့ အားလုံးထွက်လာတဲ့အချိန်မှာ အပြင်ဘက်ကနေ ပေါက်ကွဲစေ တဲ့အရာနဲ့ ပစ်ပေါက်ခံရတာ၊ ဗုံးလား ၊ လက်နက်ကြီးလားတော့ မသိသေးဘူးခင်ဗျ၊ အဲဒါက ခန်းမခေါင်မိုးကိုထိပြီး ပေါက်ကွဲတော့ အပိုင်းအစတွေက အခန်းထဲမှာ လုပ်စရာရှိလို့ ကျန်နေတဲ့ ဝန်ထမ်း ၄ ယောက်ကို ထိသွားတယ်၊ သူတို့ ၄ ယောက်က မင်းကျမ်း ၊ ခုံဆင့် ၊ မန်ပုံရွာ နဲ့ မြို့ပေါ်စစ်ကောင်စီရပ်ကျေးစာရေးတွေပါ၊ ဒဏ်ရာကတော့ မပြင်းထန်ဘူးလို့ပြောပါတယ်”။

ဒီဖောက်ခွဲမှုဟာ အစည်းအဝေးအပြီး လူတွေထွက်လာချိန်မှ လုပ်ဆောင်တာဖြစ်လို့  လူသေစေလိုတဲ့သဘောမဟုတ်ဘဲ ခြိမ်းခြောက်မှုသာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေး ပေးပါတယ်။ 

မိုးမောက်မြို့နယ် အရှေ့မြောက်ဘက် အာလော့ဘွမ်တောင်တန်းမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တစ်လကျော်တိုက်ပွဲဖြစ်နေပြီး နေ့ရောညပါ ပစ်ခတ်နေကြတာပါ။

ဒီကနေ့ထိလည်း ပစ်ခတ်သံတွေ ကြားနေဆဲဖြစ်ပြီး မိုးမောက်မှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း ကုန်းလော၊ မြို့သစ်နဲ့ မံစီဘက်ကို အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးကူပစ်ပေးနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါတိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်ရှိ ရွာပေါင်း ၁၀ ကျော်က ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရတာ ၁ လကျော်ပြီဖြစ်ပြီး  အိမ်မပြန်နိုင်သေးတဲ့ပြင် နောက်ထပ်ထွက်ပြေးလာ မယ့်သူတွေလည်း ရှိသေးတယ်လို့ မိုးမောက်ဒေသခံက ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024