Home
မြန်မာသတင်း
ဖမ်းဆီးခံရပြီး သေဆုံးခဲ့သည့် မန္တလေးကကျောင်းဆရာ အလောင်းပြန်မရဘဲ ရက်လည်ဆွမ်းသွပ်
DVB
·
May 14, 2021
186433444_1379600939092389_5583161072246924228_n

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးထားစဉ် ကျဆုံးသွားခဲ့ရတဲ့ မြန်မာစာဆရာ ဦးကျော်ကျော်ဦး(ရသမြန်မာစာ)ကို ရည်စူးပြီး မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ က မေလ ၁၄ ရက်နေ့က ရက်လည်ဆွမ်းကျွေးပြုလုပ်ခဲ့ပါတယ်။

မြန်မာစာ ဆရာဦးကျော်ကျော်ဦးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း မေလ ၂ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၄ လမ်း၊ ၅၈ လမ်းမှာ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံခဲ့ရတာပါ။

ဒီလို ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် ဦးကျော်ကျော်ဦးရဲ့ ပေါင်ကို သေနတ်မှန်ခဲ့ကာ နန်းတွင်းစစ်ဆေးရုံမှာ ခွဲစိတ်ကုသမှုခံခဲ့ပါတယ်။ အဲ့ဒီနောက် ပြင်ဦးလွင် စစ်ဆေးရုံကို လွှဲပြောင်းပြီးတဲ့နောက် သတင်းအဆက်အသွယ်ပြတ်သွားပြီး မိတ်ဆွေသူငယ်ချင်းတွေက ဆက်လက်စုံစမ်းရာ စစ်ဆေးရုံတွင် သေဆုံးသွားပြီလို့ သိရပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူ တစ်ဦးက “သေဆုံးတာကို ရဲစခန်းကရော နီးစပ်ရာ ကရော ပြောတယ်။ ရဲစခန်းကဆိုရင် အမှုပိတ်လိုက်ပြီပြောတယ်။ မေလ ၄ ရက်နေ့က သေတာကို မေလ ၁၁ ရက်နေ့မှ သိလိုက်ရတယ်။ Dead Body လည်း ပြန်မရတော့ဘူး။” လို့ ပြောပါတယ်။

ဒါ့ကြောင့် မိသားစုဝင်တွေအနေနဲ့ ရုပ်အလောင်း မမြင် သင်္ဂြ်ုဟ်ရတာမရှိဘဲ သံဃာတော်တစ်ပါး ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကျွေးပြုလုပ်ခဲ့ရပါတယ်။

မေလ ၂ ရက်နေ့က ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုမှာ မြန်မာစာဆရာ ဦးကျော်ကျော်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း လူ ၂၀ ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024