အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံမှုပမာဏရှိတဲ့ LNG သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခုကို အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုချက်ချပေးခဲ့ပါတယ်။
မေ ၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှာ ဒီလုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့တာပါ။
ခွင့်ပြုပေးခဲ့တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းကနေထွက်ရှိလာမယ့် ဓာတ်အားတွေကို ပြည်တွင်းကို ရာနှုန်းပြည့် ရောင်းချသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်မှာဖော်ပြထားပါတယ်။
ဒါပေမဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ၊ ကုမ္ပဏီအမည်နဲ့ ဘယ်နေရာမှာ လုပ်ငန်းဖော်ဆောင်မယ်ဆိုတဲ့ အချက်တွေကို အပြည့်အစုံ ထုတ်ပြန်ပေးထားခြင်းမရှိပေမဲ့ တရုတ်နဲ့ ပြည်တွင်းကုမ္ပဏီတို့ ဖက်စပ် ရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍတို့က လုပ်ငန်းသစ် ၁၅ ခု ကို လည်းစစ်ကောင်စီက လုပ်ကိုင်ခွင့်ချပေးခဲ့ပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မတ်လ ၄ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး၊ ဒီတစ်ကြိမ်နဲ့ဆိုရင် ကော်မရှင်အသစ်ဟာ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပထမအကြိမ် အစည်းအဝေးမှာလည်း လုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာလည်း စစ်တပ်အရာရှိတွေနဲ့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးတာ၊ ပါမစ်တွေချပေးတာ၊ မြေကွက်တွေချပေးတာ၊ ဆီမှောင်ခို၊ သစ်မှောင်ခိုလုပ်ကိုင်ခွင့်ပေးတာ စတာတွေလည်း အရင်စစ်အစိုးရ လက်ထက်တွေကတုန်းက လုပ်ကိုင်ခဲ့တဲအတိုင်း တကျော့ပြန်လုပ်နေကြပြီ ဖြစ်ပါတယ်။