စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျွန်းလှ) ကို ဖွဲ့စည်း လိုက်ကြောင်း မေ ၉ ရက်မှာ တရားဝင်ကြေညာလိုက်ပါတယ်။
ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကာ ရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ရဲဘော်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျွန်းလှ) ကို မေ ၈ ရက်က စတင်တည်ထောင်လိုက်တာလို့ ဆိုပါတယ်။
ပြည်သူလူထုကို အကာအကွယ်ပေးပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသူ တိုင်းဟာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကျွန်းလှနဲ့ အနီးဝန်းကျင်က ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီအား ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ခုခံဖို့ ၊တော်လှန်ရေးအား တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ NUG, CRPH,SPDF တို့နဲ့ ချိတ်ဆက်ကာ အာဏာရှင်စနစ်အကြွင်းမဲ့ချုပ်ငြိမ်းရေး နည်းစနစ်တကျဖော်ဆောင်ဖို့ ဆိုတဲ့ အချက်တွေကို ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။