စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မူးမြစ်ရေ ကြီးမြင့်လာမှုကြောင့် ဒေသတွင်း စပါးခင်းနဲ့ နှမ်းခင်းတွေ ရေနစ်မြုပ်ပျက်စီးနေတယ်လို့ ကျွန်းလှဒေသခံတွေဆီကနေ သိရပါတယ်။
မူးမြစ်ရေဟာ ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၄ နာရီက တဟုန်ထိုး ကြီးမြင့်လာပြီး အခုလို စပါးခင်းနဲ့ နှမ်းခင်းတွေ ရေနစ်ပျက်စီးတာတွေ ဖြစ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အထက်ပိုင်း မိုးကောင်းတော့ အခုလို မူးမြစ်ရေ ကြီးလာတာဗျ။ အခုလို မူးမြစ်ကနေ ရေကြီး၊ ရေလျှံ မဖြစ်တာ ဆယ်စုနှစ် ၂ စုလောက်အထိ ရှိနေပြီဗျ။ အခုမှ ထင်မှတ်မထားလောက်အောင်ကို ရေကကြီးလာတယ်။ ရေတိုး၊ ရေတက်ကလည်း အရမ်းမြန်တယ်။ ပျက်စီးတာကတော့ ကျွန်းလှမြစ်ကမ်းတလျှောက်လုံးဆိုရင် စပါးခင်းက ဧက ၅၀၀ အထက်မှာရှိမယ်။ နှမ်းခင်းကလည်း ဧက ၃၀၀ ပတ်လည်လောက်တော့ ရှိလိမ့်မယ်ဗျ။ မြစ်ရေကြီးလို့ လူအသေအပျောက်ကတော့ အခုထိ မရှိသေးဘူးဗျ။ ရေကြီးလို့ သွားလာမှုကတော့ ခက်ခဲသွားတာတော့ ဖြစ်သွားတယ်” လို့ ပြောပါတယ်။
မူးမြစ်ရေ ကြီးမြင့်လာမှုကြောင့် ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ် အပါအဝင် မူးမြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ကမ်းဘေးဝဲယာက လယ်ယာစိုက်ခင်းတွေ ပျက်စီးတာတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။