စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ပျူကင်းစခန်းတစ်ခုကို ဧပြီ ၁၄ ရက်နေ့ မနက်ခင်း ၃ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၆ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါအပစ်ခံရတဲ့ ပျူကင်းစခန်းဟာ ကျွန်းလှမြို့နယ်က ပျူကျေးရွာဖြစ်တဲ့ ရွှေတောင်ကျေးရွာ ကင်းစခန်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွှေတောင်ဒေသခံရွာသားတစ်ဦးက “ပျူ ၆ ယောက်သေပြီး လက်နက်တွေလည်း ပါသွားတယ်လို့ သိရတယ်။ ဘာ့ကြောင့် တိုက်ကြတာလဲဆိုတော့ သိတဲ့အတိုင်းပဲလေ။ ပြည်သူမကြိုက်တဲ့ လုပ်ငန်းကိုလုပ်နေကြတာဆိုတော့ အခုလိုတိုက်ပွဲတွေကတော့ ဖြစ်နေကြဦးမှာပဲ။ ကျနော်တို့ ဒီရွာထဲနေရတာလည်း ပျူတွေရဲ့အနိုင်ကျင့်တာလည်းခံရတယ်။ ဒေသခံတယောက်အနေနဲ့ အမေစု အမြန်ဆုံးလွတ်မြောက်ပြီး ဒီအရေးအခင်းကြီးမြန်မြန်ပြီးမြောက်ပါစေလိုပဲ ဆုတောင်းပါတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကျွန်လှမြို့နယ်တပ်ရင်း ၁ နဲ့ ကျွန်းလှမြို့နယ် တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်တာလို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တွေက ပြောဆိုပေမဲ့ သက်ဆိုင်ရာ ကျွန်းလှမြို့နယ် တပ်ရင်း ၁ အဖွဲ့ဘက်ကတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
တိုက်ခိုက်မှုဖြစ်စဉ် အသေးစိတ်သိရဖို့ ကြိုးစားနေပေမဲ့ ဒေသတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲ ရှိနေတာကြောင့် ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ကျွန်းလှမြို့နယ်မှာ အခုလို ပျူဘက်က ၆ ဦးကျဆုံးကာ လက်နက်တွေပါ ပါသွားတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေး တင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။