ကနီမြို့နယ် အိုင်တောင်ကျေးရွာနဲ့ ရွှေစာရေးအနီးမှာ ဒီကနေ့ မေ ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အိုင်တောင်ပြည်သူတွေဆီကနေ သိရပါတယ်။
“သူတို့ဘက်က အရင်စပစ်တာ။ ကျနော်တို့က ဒေသလုံခြုံအောင် ကင်းစောင့်နေတာပါ။ ဒလံက သတင်းပေးတာကြောင့် ကျနော်တို့ကို သူတို့က အရင်ပစ်တာပါ။ အောင်စုမွန် အမည်ပါ စက်လှေ ၂ စီး၊ အခြားမော်တော် ၃ စီး၊ စုစုပေါင်း ၅ စီးနဲ့ ချင်းတွင်းမြစ်အတိုင်း ဆန်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သူတို့ပစ်လို့ ကျနော်တို့လည်း ပြန်ပစ်တယ်။ အချိန်က နာရီဝက်လောက်တော့ ကြာမယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိ၊ နောက်ဆုတ်ပေးထားတယ်” လို့ တိုက်ပွဲအတွင်းမှာ ပါဝင်တဲ့ ပြည်သူ့စစ်သားက ပြောပါတယ်။
ကနီမြို့နယ်အတွင်း လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီက ကျေးရွာအတွင်းက နေအိမ်တွေမှာ ရှာဖွေမှုတွေ အပြင်းထန်ပြုလုပ်နေပြီး ရှာတဲ့ပစ္စည်း မတွေ့ပါက ဒေသခံတွေရဲ့ပစ္စည်းတွေ ဖျက်ဆီးပစ်တာတို့၊ ယူဆောင်သွားတာတို့ လုပ်ဆောင်နေကြပါတယ်။